▪️ဗုဒ္ဓဘာသာမှာ အနတ္တကို ဟောတဲ့အခါ အနီးကပ် အသေးစိတ် ခွဲခြမ်းပြီး ကြည့်ခိုင်းတယ်။ ဥပမာ အဝေးကနေဆို ဒါ ဘာအပင်ပေါ့။ တကယ်တမ်း အနီးကပ်ပြီး အမြစ်ကိုပဲ ကြည့်မယ်၊ အရွက်ကလေး တစ်ရွက်ကိုပဲ ကြည့်မယ်၊ အဲဒါ အပင်လားဆို အပင်မဟုတ်တော့ဘူး။
လူဆိုလည်း အဲ့လိုပဲ။ အဝေးကနေ လူတစ်ယောက်လုံးကို ကြည့်တဲ့အခါ ဒါ ကိုဘယ်သူ၊ မဘယ်ဝါပေါ့။ တကယ်တမ်း နှလုံးတစ်ခုတည်း ကွက်ကြည့်။ ဒါ ငါလားဆိုတော့ မဟုတ်ဘူး။ အဆုတ်တစ်ခုတည်း၊ ကျောက်ကပ်ပဲ၊ အသည်းပဲ ထုတ်ကြည့်ကြည့်။ ငါ ဆိုတာ မရှိဘူး။ ဒီလိုဟောကြတယ်။
အသက်ရှူတယ်ဆိုလည်း ကိုယ်က ပြင်းပြင်းရှူမယ်။ ရှည်ရှည်ရှူမယ် စသဖြင့် ဒါလောက်ပဲ ထိန်းချုပ်လို့ ရတာလေ။ အဆုတ်က ရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်ကို နှလုံးက ယူတယ်။ တစ်ကိုယ်လုံးကို ပေးပို့တယ်။ သွေးပြန်ကြောတွေကတဆင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြန်ယူတယ်။ အဆုတ်ကို ပြန်ပေးတယ်။ ရှူထုတ်တယ်။ ဒါက ရေးတော့သာ ရှည်နေတာ။ တကယ်တမ်း ကိုယ့်ခန္ဓာကိုယ်မှာ စက္ကန့်မလပ် ဖြစ်နေတာကြီး။ ကိုယ်ထိန်းချုပ်လို့ မရတာ။ ခြေလှုပ်လက်လှုပ်၊ အပေါ်ယံ အသားအရည်၊ ကြွက်သား၊ ခန္ဓာကိုယ် အချိုးအစားလောက်သာ ကိုယ်ပြောင်းလဲနိုင်တာ။ ကျန်တာက သူ့ဟာသူ ဖြစ်နေတဲ့ကိစ္စတွေချည်းပဲ။
ဒါကြောင့် အနတ္တကို မြင်ဖို့ ဒီလိုရှုမှတ်ရတယ်။ ဒါကိုပဲ ဝိပဿနာ (ထူးခြားတဲ့အမြင်) တရားအားထုတ်တယ် ခေါ်တာပေါ့။
▪️ဘဝနဲ့ ပတ်သက်လို့ အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါကျတော့ အဲ့လိုအနီးကပ် ကြည့်လို့ မရဘူး။ အဝေးကြီးကနေ ကြည့်ရတယ်။
စိတ်ပညာရှင်တစ်ယောက် Martin Seligman က ပြောတယ်၊ ဆိုးရွားတဲ့ အဖြစ်အပျက်မျိုးကနေ ပြန်လာနိုင်ဖို့ လူတစ်ယောက်ကို ဟန့်တားနိုင်တဲ့ အရာ ၃ ခု ရှိတယ်တဲ့။ အဲဒီထဲက တစ်ချက်က Personalization လို့ ခေါ်တယ်။ ငါပဲ ဖြစ်နေတယ်၊ ငါတစ်ယောက်တည်းပဲ ဒါတွေ ကြုံနေရတယ်၊ ဘာလို့ ငါ့ကျမှ ဒါတွေ ဖြစ်နေရတာလဲ ဆိုတဲ့ အတွေးမျိုးပေါ့။
ကျွန်တော်တို့ အားလုံးနီးပါး ဖြစ်ဖူးကြလိမ့်မယ်။ ငယ်ငယ်က မိဘတွေ ရန်ဖြစ်တဲ့အခါဆို မျက်စိထဲ မြင်ယောင်လာတယ်။ တခြားသူငယ်ချင်းတွေရဲ့ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင် ဖြစ်နေကြတဲ့ ပုံရိပ်တွေ။ သြော် သူတို့ဘဝတွေများ ပျော်စရာကောင်းလိုက်တာ ဆိုပြီး တွေးမိလာတယ်။ Personalize လုပ်ပစ်တာ။ တကယ်တော့ ဘယ်ဟုတ်မလဲ။ အားလုံးမှာလည်း ပြဿနာကိုယ်စီနဲ့ပဲပေါ့။
▪️ခုဆိုလည်း ကျွန်တော်တို့တွေ မျိုးစုံသော ကြပ်တည်းခက်ခဲမှုတွေ၊ ဖိနှိပ်မှုတွေ ကြုံနေကြရတယ်။ စိတ်တွေ ညစ်တာပေါ့။ ဒါပေမဲ့ ကိုယ်တစ်ယောက်တည်းလား ဆိုတော့ မဟုတ်ဘူး။ အများကြီးပဲ။
ကိုယ်ကမှ မိသားစုနဲ့ ခွဲနေရတာ။ တချို့က အသက်ပါ သေသွားပြီ။ ဘယ်တော့မှ ပြန်မဆုံနိုင်တော့ဘူး။ တချို့က အဖမ်းခံထားရတယ်။ နေ့ရက်တိုင်းကို ခက်ခဲစွာ ကျော်ဖြတ်ရှင်သန်နေရတယ်။ ကိုယ့်မိဘအရွယ်တွေလည်း ပါသလို၊ ကိုယ်နဲ့ ရွယ်တူတွေလည်း ပါတယ်။ ကိုယ့်ထက် အများကြီး ငယ်တဲ့သူတွေလည်း ရှိတယ်။
တော်လှန်ရေးနဲ့ မဆိုင်တာတွေ ပြောဦးမယ်။ ကျွန်တော်နဲ့ သက်တူရွယ်တူ သူငယ်ချင်းတစ်ယောက် ကင်ဆာရောဂါ ခံစားနေရတယ်။ ဟိုရက်ကပဲ ပြင်ဦးလွင်မှာ ရေတွေကြီးလို့ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးပျက်စီးကြရတယ်။ ကမ္ဘာအနှံ့ ထွက်ကြည့်လိုက်ဦး။ ဒုက္ခဆင်းရဲရောက်နေသူတွေမှ ပုံလို့။ တိုးတက်တဲ့နိုင်ငံတွေမှာတောင် သူ့အပူနဲ့သူတော့ ရှိကြတာချည်းပဲ။
ဒါက သေဖော်ညှိခိုင်းတာ၊ အဖော်ရှာခိုင်းတာ မဟုတ်ဘူး။ လောကရဲ့ သဘာဝပဲ ဆိုတာကို ပြန်သတိရစေချင်တာ။ ဆင်ခြင်မိစေချင်တာ။
မိသားစုတွေ၊ ချစ်ရခင်ရသူတွေနဲ့ စကားများတာ၊ သဘောထား မတိုက်ဆိုင်တာတွေ ရှိဖူးကြမှာပါ။ ဒါပေမဲ့ တစ်ယောက်ယောက်က သေလောက်တဲ့ ရောဂါတစ်ခု ဖြစ်နေပြီလည်းဆိုရော၊ ခုနက အမြင်မတူမှုတွေ၊ အမုန်းတွေက ဘာမှမဟုတ်ဘူး ဖြစ်သွားရော။ ကြီးလာပါချည်ရဲ့လို့ ထင်ခဲ့တဲ့ ကိစ္စတွေက သေခြင်းတရားလို ပြဿနာကြီးနဲ့လည်း တွေ့ရော၊ သေးသေးကလေး ဖြစ်သွားတာ။
▪️လောကဓံ ဆိုတာ လောကဓမ္မ ဆိုတဲ့ စကားလုံးကနေ လာတယ်လို့ မှတ်သားဖူးတယ်။ လူတိုင်း ကြုံရမှာပဲ။ အနည်းနဲ့အများသာ ကွာတယ်။ ပျက်စီးခြင်း၊ ဆင်းရဲခြင်း၊ မတည်မြဲခြင်း၊ မဖြစ်ချင်တာတွေ ဖြစ်ရခြင်း၊ ဖြစ်ချင်တာတွေ မဖြစ်ရခြင်း စတဲ့ သဘာဝတရားတွေနဲ့ လူတိုင်းဟာ ရှင်သန်ကျင်လည်နေကြရတယ်။ ဒီလိုတွေးလိုက်ရင် လောကဓံကို ရင်ဆိုင်ဖို့ ခံနိုင်ရည် ရှိလာလိမ့်မယ်။
ဒါကြောင့် ငါစွဲဖျောက်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အနီးကပ် ကြည့်ပါ။ ဘဝအခက်အခဲတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ဖို့အတွက်တော့ ဘဝတွေကို ခပ်ဝေးဝေးကနေ ကြည့်တတ်ဖို့ လိုပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
၅.၈.၂၀၂၂
Photo credit
credit- Dr Phio Thiha