”Secular Buddhism အကြောင်း”

ဘာသာ၊ သာဿနာ စောင့်ရှောက်မယ်ဆိုပြီး ဗုဒ္ဓဘာသာဝင်တွေ တခြားဘာသာ ပြောင်းမသွားအောင်၊ ဘာသာမဲ့ ဖြစ်မသွားအောင်၊ ဒါမှမဟုတ် တခြားဘာသာဝင်တွေ ဗုဒ္ဓဘာသာထဲ ကူးပြောင်းလာအောင် ရေးနေတာ မဟုတ်ပါဘူး။ အဲ့လိုပဲ၊ နိဗ္ဗာန်ရောက်ကြောင်း တရားတွေ မဟုတ်သလို ဗေဒင်တွေ၊ နက္ခတ်တွေနဲ့ ရောနှောရေးတာမျိုးလည်း မဟုတ်ဘူး။ ဗုဒ္ဓအဆုံးအမတွေကို အခြေခံ ကျင့်သုံးပြီးမှ ဘဝတစ်ခုကို တန်ဖိုးရှိအောင်၊ အေးချမ်းအောင် ဘယ်လိုနေထိုင်မလဲ ဆိုတဲ့ဘက်ကို ရေးတာ များပါတယ်။


အဓိက ကွာခြားချက်ကတော့ Classical Buddhism က ကျမ်းဂန်လာ အဆုံးအမတွေ၊ ဗုဒ္ဓဟောကြားချက် (လို့ သတ်မှတ်ထားတာ) တွေကို အကုန်အစင် လက်ခံပြီး Secular Buddhism ကတော့ ဒီဘက်ခေတ် သိပ္ပံပညာ၊ စိတ်ပညာ၊ လူသားဝါဒ၊ ဒဿနတွေနဲ့ ချိန်ထိုးပြီးတော့မှ သက်သေပြလို့ ရတာတွေ၊ သဘာဝကျတာတွေကိုပဲ လက်သင့်ခံပါတယ်။

Classical Buddhism က သံသရာကို ယုံပါတယ်။ ရှေ့ဘဝ၊ နောက်ဘဝ၊ ၃၁ ဘုံ၊ ငရဲပြည်က တစ်ရက်က လူ့ပြည်မှာ ဘယ်နှနှစ်၊ နတ်ပြည်က စည်းစိမ်ချမ်းသာက ဘယ်လိုဘယ်ဝါ စသဖြင့်ပေါ့။ ဒီအတွက် အတိတ်ကံ ဆိုတာတွေ ပါလာတယ်။ နောက်ဘဝကို မျှော်ကိုးပြီး အလှူလုပ်တာ၊ သီလစောင့်ထိန်းတာတွေ ရှိတယ်။ နိဗ္ဗာန်ရောက်ဖို့အတွက် ကျင့်ကြံအားထုတ်ကြတယ်။
Secular Buddhism ကတော့ အဲဒါတွေကို အဓိက ဦးစားမပေးဘူး။ သက်သေပြလို့မှ မရတာ။ ဒီဘ၀ အေးချမ်းဖို့၊ တန်ဖိုးရှိရှိ နေနိုင်ဖို့ကိုပဲ စဉ်းစားတယ်။ ရည်ရွယ်တယ်။

Classical Buddhism က သံသရာကို ယုံတဲ့အတွက် သစ္စာ ၄ ပါး၊ ပဋိစ္စသမုပ္ပါဒ် စတာတွေကို သံသရာလွတ်ကြောင်း တရားအဖြစ် နာယူကျင့်သုံးကြတယ်။
Secular Buddhism ကတော့ ဒီတစ်ဘဝစာ စိတ်ငြိမ်းချမ်းမှု ရဖို့ဆိုတဲ့ ရှုထောင့်ကနေ ချဉ်းကပ်တယ်။ တကယ်ဆို သံသရာကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ အားလုံးအတွက် မှန်နေတာတစ်ခုက စိတ်စွဲလမ်းမှု များလေလေ၊ ပူလောင်ရလေပဲ။ သစ္စာ ၄ ပါး၊ ပဋိစ္စသမုပ္ပါဒ်၊ မဂ္ဂင် ၈ ပါး စတဲ့ တရားတွေဟာ နိဗ္ဗာန်ရောက်ဖို့မှ မဟုတ်ဘဲ လက်ရှိဘ၀ အေးချမ်းမှု ရဖို့မှာလည်း ကျင့်သုံးလို့ ရပါတယ်။

Classical Buddhism က သံသရာကို ရည်ရွယ်ပြီး အလှူတွေ လုပ်တယ်။ ဝါဆိုသင်္ကန်းကပ်တာ၊ ကထိန်သင်္ကန်းကပ်တာ စသဖြင့်။ အဲ့လို ကပ်လှူခြင်းဖြင့် နတ်ပြည်မှာ ဘာဖြစ်မယ်၊ ညာဖြစ်မယ်၊ ဘဝဆက်တိုင်း ဘယ်လိုကောင်းကျိုးရတယ် ဆိုတဲ့ မက်လုံးတွေနဲ့ပေါ့။
Secular Buddhism ကလည်း အလှူလုပ်တယ်။ သို့သော် သူ့အလှူကျ သံသရာကို မရည်ရွယ်တော့ဘူး။ ကိုယ့်အကျိုးထက် အလှူခံပုဂ္ဂိုလ် အဆင်ပြေစေဖို့ ဆိုတဲ့ဘက်ကိုပဲ သွားတော့တယ်။ သင်္ကန်းတွေ တောင်လိုပုံနေတဲ့ နာမည်ကြီး ဆရာတော်တစ်ပါးကို သင်္ကန်းကပ်လှူမဲ့အစား စစ်ဘေးရှောင်စခန်းတစ်ခုကိုပဲ လှူလိုက်တာမျိုး၊ ဝါဝင်းနေတဲ့ စေတီမှာ ရွှေသင်္ကန်း ကပ်မဲ့အစား စာသင်ကျောင်းတစ်ခုကို ငွေလှူတာမျိုး လုပ်ကြတယ်။

Classical Buddhism က လောကသားတွေကို ကယ်တင်ဖို့ ဘုရားဆုပန်တာကနေစလို့ ဘဝပေါင်းများစွာ ပါရမီဖြည့်ခဲ့တာတွေ၊ ဘုရားလောင်းဘဝတွေ အကုန်လုံးကို လက်ခံတယ်။ ကြည်ညိုတယ်။ နောက်ပြီး ဗုဒ္ဓရဲ့ (လိုအပ်ချက်အလျောက်) တန်ခိုးနဲ့ ဖန်ဆင်းပြတာတွေ၊ နတ်ပြည်တက်ပြီး တရားဟောတာတွေ၊ ဒါတွေကိုလည်း ယုံကြည်ကြတယ်။
Secular Buddhism ကတော့ ဂေါတမဗုဒ္ဓ ဘဝတစ်ခုတည်းကိုပဲ လက်ခံတယ်။ တန်ခိုးအစွမ်းတွေနဲ့ God (နတ်ဘုရား) ဆန်ဆန် ပုံရိပ်ထက် အင်မတန် စည်းစိမ်ဥစ္စာပေါများတဲ့ မင်းသားဘဝကိုစွန့်၊ ဖန်ရည်စွန်းတဲ့ အဝတ်ကိုဝတ်၊ ရိုးရှင်းစွာ နေထိုင်၊ မာန်မာနမရှိ၊ မေတ္တာတရား ကြီးမား၊ အသိဉာဏ် အလွန်မြင့်မားပြီး သူ့အသိတွေ၊ ဓမ္မတရားတွေကို ဟောကြားပြသခဲ့တဲ့ လူသားစစ်စစ်တစ်ယောက်အဖြစ်ပဲ လေးစားကြည်ညိုတယ်ပေါ့။
ပြောမယ်ဆို ဘုရားလောင်းဇာတ်တော်တွေမှာတောင် ဗုဒ္ဓတကယ်ဟောခဲ့တာ ဟုတ်မဟုတ် အငြင်းပွားစရာ ဖြစ်နေတာတွေ အများကြီး။ ဥပမာ ဝေသန္တရာမင်းဆို အတော်လေး လူပြောစရာ ဖြစ်တယ်။ ဆင်ဖြူတော်ကို လှူတာထား။ ကလေးတွေနဲ့ မိန်းမကိုပါ ပေးလှူပစ်တာကျ ဒီခေတ်အမြင်နဲ့ဆို အတော်လေး လက်ခံနိုင်စရာ မရှိဘူး။ Classical Buddhism အမြင်အရတော့ ဒါဟာ စွန့်လွှတ်ခြင်း၊ ပါရမီဖြည့်ခြင်း ဖြစ်ပေမဲ့ Secular Buddhism ကတော့ (ဘုရားဟောအစစ် ဖြစ်ပါတယ်ဆိုတောင်) အဲဒီခေတ်ကာလ အခြေအနေအရ လုပ်ခဲ့တာမျိုးပဲလေ ဆိုတာအပြင် ထူးပြီး ကြည်ညိုအတုယူနေတာ မရှိဘူး။

Classical Buddhism က ရတနာတစ်ပါးအဖြစ် ကြည်ညိုကြတယ်။ သင်္ကန်းကို လေးစားရမယ် ဆိုတာမျိုး ပြောကြတယ်။ သံဃာကို လှူတန်းခြင်းကြောင့် ရတဲ့အကျိုးတွေကို မျှော်လင့်ကြတယ်။
Secular Buddhism ကတော့ သံဃာကို လေးစားမှုထားတယ်။ တရားကို ဖြောင့်ဖြောင့်တန်းတန်း အားထုတ်နိုင်အောင်၊ သူများကို တဆင့်ပြန်လည်ဟောကြား သင်ပြနိုင်အောင် စားဝတ်နေရေး ကူညီပေးတယ်။ (ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊ ပစ္စည်း ၄ ပါး လှူတန်းတယ်) ဟောကြားချက်တွေကိုလည်း တလေးတစား နာယူတယ်။ သို့သော် ဝိနည်းနဲ့ မညီတာ၊ မဟုတ်တာ လုပ်နေတာတွေ့ရင် ဝေဖန်တယ်။ ကဲ့ရဲ့တယ်။

Classical Buddhism က ၅ ပါးသီလကို အတိအကျ လိုက်နာတယ်။ ဒီအတွက် ကုသိုလ်ရတယ်။ ဖောက်ဖျက်ရင် အကုသိုလ်ဖြစ်တယ်။ ဒီလိုမှတ်ယူတယ်။
Secular Buddhism ကတော့ သီလဆိုတာကို Moral reasoning လို့ခေါ်တဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ကျိုးကြောင်းဆင်ခြင်မှုနဲ့ ချဉ်းကပ်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဘယ်သူတွေကို ထိခိုက်နိုင်မလဲ၊ ဒီလိုလုပ်ဖို့ တာဝန်ကို ပျက်ကွက်ခြင်းအားဖြင့် ဘယ်သူတွေ အကျိုးယုတ်သွားမလဲ။ ဒီလိုဆင်ခြင်ပြီးမှ ခံယူကျင့်သုံးတယ်။

Classical Buddhism က ကမ္မဌာန်းအလုပ်ကို သံသရာလွတ်ကြောင်းအဖြစ် ခံယူပြီး လုပ်တယ်။ အားထုတ်တယ်။
Secular Buddhism ကတော့ လက်ရှိဘဝမှာ ကြုံတွေ့နေရတဲ့ စိတ်ဖိစီးစရာတွေနဲ့ မရေရာမှုတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကမ္မဌာန်းအားထုတ်မှုကို လုပ်တယ်။

ဥပမာ သီတင်းကျွတ်ဆို မြတ်စွာဘုရား နတ်ပြည်မှာ ဝါတွင်း ၃ လ အဘိဓမ္မာတရား သွားဟောပြီး ပြန်ဆင်းလာတာကို ကြိုဆိုကြတာလို့ ခံယူတယ်။ ဒါကြောင့် မီးထွန်းပူဇော်ကြတယ်။
Secular Buddhism ကတော့ အဲဒါကို ပွဲလမ်းသဘင်တစ်ခု၊ ဓလေ့ရိုးရာတစ်ခုအဖြစ်သာ လက်ခံတယ်။ နတ်ပြည်သွားပြီး တရားဟောတယ်ဆိုတာကျ Supernatural ဆန်နေတာကိုး။ ဒါကို လက်မခံတော့ သီတင်းကျွတ် လပြည့်နေ့ကလည်း အလိုလိုနေရင်း သိပ်မဆန်းတော့ဘူး ဖြစ်သွားတယ်။ ကောင်းမှုကုသိုလ် ဆိုတာကလည်း လပြည့်နေ့ပဲ ကွက်လုပ်နေရတာမျိုး မဟုတ်ဘဲ ဘယ်ရက် ဘယ်နေ့မဆို လုပ်လို့ရ၊ လုပ်သင့်တာပဲကိုး။ နေ့တွေ၊ ရက်တွေအပေါ် အစွဲအလမ်း မထားတော့ဘူး ပြောရမယ်။

ဥပမာ တော်လှန်ရေးပဲ ဆိုပါတော့။ Classical Buddhism နဲ့ဆို ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် ဝေဝါးမှုတွေ ဖြစ်နေမှာ။ တော်လှန်ရေးထဲလည်း ဝင်ကူတယ်၊ ငါတော့ ပါဏာတိပါတကံ ထိုက်နေပြီ၊ အကုသိုလ် ဖြစ်နေပြီ၊ သံသရာမှာ ဘာဖြစ်တော့မယ် ညာဖြစ်တော့မယ် ဆိုပြီးတော့ပေါ့။
Secular Buddhism ကျ ရှင်းတယ်။ တော်လှန်ရေး လုပ်နေတာ မုန်းလို့ မဟုတ်ဘူး။ သေကြပါစေတော့ ဆိုတဲ့ စေတနာနဲ့ လုပ်နေတာလည်း မဟုတ်ဘူး။ ရွာသူရွာသားတွေကို ညှင်းပန်းနေတဲ့ ဘီလူကြီးကို နှိမ်နင်းနေတာပဲ။ သူ မရှိမှ လောကကြီး အေးချမ်းအဆင်ပြေမှာ။ ဒီအတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်တာ။ ဆိုတော့ ခုနကလို စိတ်မအေးချမ်းမှုတွေ၊ နောင်တတွေ ဖြစ်မနေတော့ဘူး။
ဗုဒ္ဓဂုဏ်တော်ဆိုလည်း
• အရဟံ – ကိလေသာ ကင်းစင်တယ်၊
• သုဂတော – ကောင်းသောစကားကို ဆိုတယ်၊
• ဗုဒ္ဓေါ – သစ္စာ ၄ ပါးကို ကိုယ်တိုင်လည်း သိတယ်၊ သူများကိုလည်း ပြန်ဟောနိုင်တယ်၊ ဒီလိုလူသားဆန်တဲ့ ဂုဏ်တော်တွေကိုပဲ ပိုပြီး ကြည်ညိုမိလာတယ်။ မင်းတို့ဘုရားက မွေးကတည်းက လမ်းထလျှောက်တယ် ဆိုတာ ဟုတ်ပါ့မလား၊ နတ်ပြည်တက် တရားဟောတယ် ဆိုတာ ဟုတ်လို့လား စသဖြင့် ပြောလာရင်လည်း အေးဆေးပဲ။ အဲဒီအစွမ်းတွေကြောင့် ဗုဒ္ဓအဆုံးအမကို ခံယူကျင့်သုံးနေတာမှ မဟုတ်တာ။ ဘယ်သူနဲ့မဆို ဆွေးနွေးရ၊ စကားပြောရတာ ကောင်းလာတယ်။ အမုန်းမပွားတော့ဘူး။ ငြင်းခုန်စရာ မလိုတော့ဘူး။
အလှူလုပ်ရင်လည်း နောင်သံသရာမှာ ချမ်းချမ်းသာသာ နေရဖို့ဆိုတာထက် မေတ္တာတရားနဲ့ စွန့်လွှတ်လိုစိတ်ကို အခြေခံပြီး လုပ်ဖြစ်လာတယ်။ ကိုယ်ပေးလှူလိုက်လို့ တစ်ဖက်သား အဆင်ပြေသွားတာကို ပီတိဖြစ်တဲ့စိတ်ကလေးနဲ့ လှူရတာ သိပ်အေးချမ်းတယ်။
မြန်မာပြည်မှာ လူလာဖြစ်တာ ဝဋ်ကြွေးကြီးလို့ ဆိုပြီး အတိတ်ကံကို မပုံချတော့ဘူး။ စစ်အာဏာရှင်တွေ တစ်နေ့ ဝဋ်ပြန်လည်လိမ့်မယ်၊ သေရင် ငရဲကျလိမ့်မယ် ဆိုပြီးလည်း လက်ပိုက်ကြည့်မနေတော့ဘူး။ လုပ်စရာရှိတာကို လုပ်တယ်။ အကြောင်းတရားကို ဖြည့်ဆည်းထားရင် ဆိုင်ရာအကျိုးတရားဟာ မလွဲမသွေ ရောက်လာမှာပဲလို့ ယုံကြည်တယ်။

ခု တော်လှန်ရေးကာလမှာ ဘာသာရေးနဲ့ ပတ်သက်ပြီး လူတွေ ဝေဖန်လာကြတာ၊ ဘာသာမဲ့တောင် ဖြစ်ချင်လာပြီ ဆိုပြီး ပြောနေကြတာဟာလည်း ကိုးကွယ်သူတွေရဲ့ လွဲမှားတဲ့ လုပ်ရပ်တွေနဲ့ အများကြီး ဆိုင်ပါတယ်။ သံသရာအကျိုးကို ရည်ရွယ်ပြီး လှူကြတာ၊ သံဃာဆိုရင်ကို မျက်စိမှိတ် ကိုးကွယ်ကြတာတွေကြောင့်လည်း တချို့ဆရာတော်တွေဟာ နာမည်ကြီးခြင်း၊ လာဘ်လာဘပေါခြင်း၊ အခြွေအရံများခြင်း ဆိုတဲ့ လောကဓံတွေကို မခံနိုင်တော့ဘဲ ဖောက်ပြန်ကုန်ကြတယ် ပြောလို့ ရနိုင်ပါတယ်။
ဒါကြောင့် ကောင်းတာကို ယူ၊ မကောင်းတာကို ပြုပြင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကိုယ်တိုင်လည်း သံသရာကို ယုံပါတယ်။ နိဗ္ဗာန်ဆိုတာကိုလည်း (ကိုယ် မလိုချင်သေးပေမဲ့) ယုံသလို၊ ဘုရားရှိခိုး၊ တရားထိုင်ပြီး အမျှဝေတာမျိုးတွေ လုပ်တာပါပဲ။ သို့သော် တတ်နိုင်သမျှတော့ Classical Buddhism ရဲ့ အားနည်းချက်တွေကို ရှောင်ရှားပြီး နေထိုင်ဖြစ်လာပါတယ်။

အရင်ကတော့ မိဘက ဗုဒ္ဓဘာသာမို့လို့ ကိုယ်လည်း အဲ့လိုဖြစ်သွားတယ် ဆိုတဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာထက် ဘာသာရေးအကြောင်းကို ခြေခြေမြစ်မြစ် သိတဲ့ မိရိုးဖလာလွန် ဗုဒ္ဓဘာသာကို ပိုနှစ်သက်ခဲ့တယ်။ ကလေးတွေဆိုလည်း ငယ်ရွယ်စဉ်ကတည်းက ရင်ထဲမှာ ဘုရားတည်ထားပေးသင့်တယ်။ ဒါမှသာ ဘာသာရေးအသိ အခြေခိုင်မှာ ဆိုတာမျိုးပေါ့။
ခုတော့ Secular Buddhism ကို ပိုသဘောကျလာပါတယ်။ အစဉ်အလာ ကိုးကွယ်မှုထက်စာရင် ပိုပြီးလည်း လက်တွေ့ကျတယ်။ လူသားဆန်တယ်။ လူမှုပတ်ဝန်းကျင်အတွက် အကျိုးပိုပြုနိုင်တယ်လို့ မြင်မိတယ်။ နှစ်ခုလုံးကတော့ ဗုဒ္ဓအဆုံးအမတိုင်း ကျင့်ကြံနေထိုင်ကြတာချည်းပါပဲ။ အနည်းငယ်သာ ကွာခြားသွားတယ် ပြောရမယ်။

အင်တာဗျူးတစ်ခုမှာ ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်) ပြောသွားသလိုပါပဲ။ ဘာသာမဲ့တာ ပြဿနာ မရှိဘူး။ ရင်ထဲမှာ ဓမ္မ မမဲ့ဖို့သာ လိုတာပါ။
ဒေါက်တာ ဖြိုးသီဟ
၂၈.၉.၂၀၂၂
Ref:
1) What is a Secular Buddhist, and What Do They Believe? – Dana Nourie
2) Traditional vs secular Buddhism – Ven. Bhikkhu Bodhi (Secular Buddhist Network)
3) Secular Buddhism: Eastern Thought for Western Minds – Noah Rasheta
Photo credit